စာပွဲခုံတစ်လုံးပေါ်တွင် ငြိမ်သက်စွာထိုင်လျက် လေးထောင့်ပုလင်းထဲရှိ နီကျင်ကျင်အရည်များကို ငေးမောကြည့်နေမိသည်။ အလင်းရောင်သည် မပီဝိုးတ၀ါး။ ပုလင်းကိုကြည့်ရင်း သက်ပြင်းကို ချမိသည်။ ညနေသည် ပို၍ပူဆင်းသွားသည်။ နှစ်ပေါင်း ၂၀ ကျော် သူ ဖြတ်သန်းစီးဆင်းခဲ့သည့် အချိန်ကာလများ၊ အဖြစ်အပျက်များ၊ ဒဏ်ရာအနာတရများအားလုံးကို ညနေနှင့် မျောချရန် ပုလင်းဆီလက်လှမ်းလိုက်သည်။ လူကို မူးယစ်စေမည်လား၊ ဘ၀ကို မူးယစ်စေမည်လား။ သူတွေဝေမနေတော့ပါ............
ညနေသည်ပို၍ အိုလာသည်။ သူ့ စိတ်အာရုံသည်လည်း ကြည်လင်ပြတ်သားခြင်းနှင့် ကွင်းရှောင်လာခဲ့ပြီ။ လင်းပြာမှုန်ဝေနေသောအပိုင်းအစများ.....။ သူ့ထံတွင်ထုပ်ပိုးသိမ်းဆည်းထားသော ကိုယ်တိုင်ရေးအတ္တုပတိ တစ်ပိုင်းတစ်စရှိသည်။ ကိုယ်တိုင်လွတ်ချခဲ့သော အခွင့်အရေးတစ်စုံပါဝင်သည်။အိမ်မက်ဧ။်အဆင်မပြေမှု့များကို သီကုံးထားသော လင်္ကာတစ်ပိုဒ်နှင့် မျက်ရည်များဧ။်ဂုဏ်သိက္ခာများအကြောင်းကို စပ်ဆိုထားသောဂျစ်ပဆီတေးထပ်တစ်ပိုဒ်ရှိသည်။ ထို့အပြင် တာရာမင်းဝေဧ။် ကြယ်ကြွေသတို့သမီးထံမှ ခူးယူထားသော မျှော်လင့်ချက်ခါးခါးများလည်းရှိသည်။ သို့သော်ဤအရာအားလုံး ထုပ်ပိုးသိမ်းဆည်းထားခဲ့ပြီးဖြစ်ပါသည်။
သူ့ရှေ့ခွေးခြေခုံပေါ်သို့တစ်စုံတစ်ယောက်ဝင်ထိုင်လာသည်။ ၂၁ ရာစုဧ။် ခေတ်သစ်စပါတာကတ်ဖြစ်သည်။ ထိုင်ရင်းနှင့် သူက တစ်ဆက်တည်းပြောသည်။
“ ဘ၀မှာ တစ်ရက်စီရှင်သန်ဖို့ အကြောင်းပြချက်တစ်ခုစီလိုတယ်ဗျ ”.......။ ထို့နောက်သူက အိုဒက်ဆာ၏ ကမ္ဘာကျော် အီပစ်(Epic) ကဗျာရှည်ကို အာလေးလျှာလေး ရွတ်ဆိုပြသည်။ လီပိုး၏ ၀ိုင်များဖြင့် စိတ်ဖိစီးမှု့များကို ဖြေရှင်းနည်းကိုလည်း ပြောပြသည်။ သူပြော၍မဆုံးခင်မှာပင် ခင်ဗျားတို့နေကောင်းကြတယ်နော် ဟုမေးရင်း ခေတ်သစ် ဆိုကရေးတီး ၀င်ရောက်လာသည်။ သူရာတစ်ခွက်ကို ဦးစွာမော့ချလိုက်သည်။ ထို့နောက် “ ရှင်သန်ဖို့အတွက် မေးခွန်းတွေမေးဖို့လိုတယ်...၊ တိုးတက်ဖို့အတွက် ဖြေဆိုဖို့လိုတယ်ဗျ ”....။ ထို့နောက် သူတို့နှစ်ယောက် ကမ္ဘာ့ဖလားခြေစစ်ပွဲအကြောင်း၊ ဂျပန်ငလျင်အကြောင်း၊ အတက်ကြမ်းနေသော ရွှေဈေးများအကြောင်း၊ ဈေးကွက်၏အနိုင်ကျင့်ခံရခြင်းအပြင် အခြားအနိုင်ကျင့်မှု့များကို ခံစားနေရသော အခြေခံလူတန်းစားများအကြောင်းကို ပြောကြဆိုကြ ငြင်းခုန်ကြသည်။ သူ ဘာမှဝင်မပြောပါ။ အရာအားလုံး သူ့ဘာသာနှင့်သူ နေသားတကျမှားယွင်းနေခဲ့မှန်း သူ သဘောပေါက်ခဲ့သည်မှာ ကြာမြင့်ခဲ့ပါပြီ။ အကယ်၍ အရာအားလုံးကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်ဆိုသည်မှာ မှန်ကန်ပါက ဘုရားသခင်သည် ရူးသွပ်သူတစ်ဦးသာ ဖြစ်ပါလိမ့်မည်။
နေ့သည် စုံလုံးကန်းသွားပြီဖြစ်ပါသည်။ ပုလင်းလည်း လဲခဲ့ပြီ။ နှုတ်ဆက်၍ သူတို့ ထွက်ခွာသွားကြသည်။ ခါးကြားမှ လိမ်ထားသော ထောင်တန်တစ်ရွက်ကိုထုတ်၍ စားပွဲပေါ်ချထားလိုက်သည်။ အိမ်ပြန်ချိန်သည် ခါတိုင်းကဲ့သို့ ဘာမှမထူးခြားပါ။ သို့ပေမဲ့ ဖြစ်နေကျအရာတွေ မရှိသော နေသားကျရာအရပ်မှာသူပျော်ပိုက်ခဲ့ရသည်မှာ ဆယ်စုနှစ်စွန်းခဲ့ပါပြီ။ လရောင်သည် လမ်းပေါ်ပြန့်ကျဲနေသည်။ “သူ” လမင်းကို အခွံနွာကြည့်မိသည်။ မီးလျှံများသာထွက်ကျလာပါသည်..............။
No comments:
Post a Comment